စနေနေ့ (၁၆.၀၄.၂၀၁၁) က Mannheim မြို့အနားက Ketsch ဆိုတဲ့မြို့ကလေးမှာ ကျင်းပတဲ့ လာအိုနှစ်သစ်ကူးပွဲတော်ကို ကျွန်မနဲ့ သူငယ်ချင်း နှစ်ယောက်ရောက်ပါတယ်။ အစ်မရှင်လေး တို့ မိသားစုရဲ့ ဖိတ်ခေါ်သတင်းပေးမှုကြောင့်ပါ။ မနက် ၆နာရီ ၄၅ ရထားနဲ့ သူငယ်ချင်း နှစ်ယောက်ထွက်လာတယ်။ Heidelberg မြို့မှာ အခြားမြို့က သူငယ်ချင်း တယောက်နဲ့ ချိန်းကြတယ်။ Ketsch က Heidelberg ကနေသွားရင် ပိုလမ်းကြောင်းသင့်တာမို့ ဘူတာရုံရှေ့မှာပဲ ဘတ်စ်ကားစောင့်စီးလိုက်ကြတယ်။ ဘတ်စ်ကားမှတ်တိုင်ရောက်ပြီးပေမယ့် လမ်းက ၁၂ မိနစ်လောက်ထပ်လျှောက်မှ ပွဲတော်ရှိရာ ဟောခန်းကို ရောက်တယ်။ သောကြာနေ့က ဘာတွေနဲ့အလုပ်ရှုပ်နေမှန်းမသိတဲ့ကျွန်မ ရထားအချိန်စာရင်းပဲ ပရင့်ထုတ်လာမိတာ တော်သေးလို့ သူငယ်ချင်းက လမ်းကြောင်းအားလုံးမြေပုံကို ထုတ်လာလို့ ကွင်းပြင်ကျယ်မှာ ဆောက်ထားတဲ့ ခန်းမကို လွယ်လွယ်ကူကူရှာတွေ့သွားတယ်။ Heidelberg ဘူတာရုံမှာကတည်းက မက်ရှ်စေ့ပို့ ဖုန်းလှမ်းဆက်ရှာတဲ့ အစ်မ ရှင်လေးက ဟောခန်းအရှေ့မှာ မြန်မာဝတ်စုံလေးနဲ့ ပုဝါလေးချလို့ စောင့်နေတယ်။
တရားပေးမယ့်အချိန်က ၁၀နာရီ၊ ရောက်သွားတာက ၁၀နာရီထိုးဖို့ ၁၀ မိနစ်လောက်အလိုဆိုတော့ အဆင်ပြေသွားတယ်။ လာအိုရိုးရာဝတ်စုံလေးတွေဝတ်ထားတဲ့ အမျိုးသမီးကြီးကြီးငယ်ငယ်တွေ၊ အမျိုးသားကြီးကြီးငယ်ငယ်တွေ ၊ ကလေးတွေကအစ ရိုးရာဝတ်စုံလေးတွေနဲ့ မြန်မာပြည်က ဓမ္မဟောခန်းမှာလုပ်တဲ့ အလှူပေးပွဲကြီးနဲ့တောင်တူနေတော့တယ်။ ပွစိပွစိပြောနေသံတွေ၊ ဟောခန်းအရှေ့က ဈေးတန်းကရောင်းနေတဲ့ စားစရာ၊ လက်ဆောင်ပစ္စည်းတွေနဲ့ တကယ့် ပွဲဈေးတန်းနဲ့ ဘုရားပွဲနဲ့တူနေတယ်။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ကိုယ့်အာရှဘက်က လူတွေကို မြင်ရတော့ တမျိုးပျော်နေမိတယ်။
တရားနာတာက ပါလိလို့ချပေးလို့ အားလုံးသိနေပေမယ့် အချို့အဖြတ်အတောက်တွေမတူတဲ့နေရာမှာဆိုရင် ၇ွတ်နေရင်းနဲ့မေ့သွားလို့ သူငယ်ချင်းနဲ့လက်ကုပ်ပြောရသေးတယ်။ တရားပေးပြီးတော့ ကိုယ်သယ်လာရာ ဆွမ်း၊ ပန်း၊ ပစ္စည်းခဲဘွယ်တွေကို လူတန်းစီပြီး လှူရတယ်။ ဘာတွေလုပ်လို့ ဘယ်လိုအစီအစဉ်ရှိမှန်းမသိတဲ့ ကျွန်မတို့သူငယ်ချင်း ၃ ယောက်အဖွဲံ လှူဖို့ကိုလည်း လမ်းမှာတိုင်ပင်ထားသလို့ ငွေသားပဲ လှူတော့မယ်လို့ တွေးထားတာ ၊ ဦးသောမတ်စ်နဲ့အစ်မ ရှင်လေးရဲ့စီစဉ်မှုကြောင့် သူတို့ သယ်လာတဲ့ ပစ္စည်းတွေထဲက ကော်ဖီ ၁ ထုပ်စီနဲ့ နို့ဆီ ၁ ဗူးစီ ခွဲယူလှူစေခဲ့တာကို ကျေးဇူးအများကြီးတင်မိပါတယ် အစ်မရေ.........
အဲဒီ လူတွေထဲမှာ သူငယ်ချင်းတွေနဲ့ ၊ခရမ်းနုရောင်လေး ဝတ်ထားတဲ့ အစ်မ ရှိတယ်။ :-)
ပြီးတော့ အကြွေစေ့လဲ ပြီးဒီဆွမ်းအုပ်ကလေးတွေမှာ လိုက်လှူတယ်။ ဆွမ်းခွက် ၁၀၈ ခွက်ရှိမယ်ထင်တယ်။ သေချာတော့မရေထားမိဘူး။
ဘုန်းဘုန်းတွေ ဆွမ်းဘုန်းပေးနေချိန်မှာ ဈေးဆိုင်တွေကို လျှောက်ပတ်တယ်။ သရေကျတယ်။ ဝယ်ချင်တာကို ဝယ်တယ်။ မမြင်ရတာကြာတဲ့အစားအစာ ၊ အသီးအရွက်တွေကို တမေ့တမောကြည့်တယ်။ ဓာတ်ပုံရိုက်တယ်။ မြည်းလို့ရတာ အကုန်မြည်းတယ်။ အဲဒါ ကျွန်မတို့အဖွဲ့လေ။ ကျွန်မတို့ သူငယ်ချင်းအုပ်စု အဲဒီကို ရောက်လာတာ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်းကိုး ။ ဘုရားဖူးတာ ကုသိုလ်ရဖို့ လိပ်ဥတူးတာ ဗိုက်ဝဖို့ :-)
ဝက်သားခြောက်ကင်၊ နဲ့ ငပိထောင်း ။ ၃ ယောက်သားအပီအပြင်အားပေးလာတဲ့ဆိုင်
ကောင်ညှင်းခြေထောက်
ငါးခြောက်
သရက်သီး ငပိထောင်း၊ ငါးငပိချက်
အချိုမုန့်တွေ
ကောင်ညှင်းထုပ်၊ ကောင်ညှင်းခြေထောက်
အီကြာကွေး ၊ နောက်၁ ခုကဘာတဲ့ ( မနက်စောစော လက်ဖက်ရည်ဆိုင်တွေမှာ ရတတ်တဲ့မုန့် ၊ ဘဲသားမုန့်လို့ခေါ်တယ်ထင်တယ်၊ နာမည်တွေမေ့ကုန်ပြီ ၊ ပုံစံမြင်ရင်တော့ သားရေတွေကျတာချည်းပဲ :-))
မုန့်လင်မယားလား မုန့်မောင်နှမလား၊ နောက်အီကြာကွေး
တိုင်းရင်းဆေးတွေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ
ဘုန်းဘုန်းတွေဆွမ်းဘုန်းပေးအပြီး၊ ရွတ်ဖတ်သရဇယ် အပြီး လာတဲ့လူတွေအတွက်နေ့လည်စာကို အတွင်းခန်းမထဲမှာတော့ဘူဖေးပွဲတွေနဲ့ သစ်သီးပွဲတွေကို စားပွဲရှည် ၂ ခုနဲ့ ပြင်ထားတယ်။ ဘူဖေးကတော့ အစုံ။ ငပိထောင်းနဲ့ ထိုင်းသဘောင်္သီးထောင်းကို အကြိုက်ဆုံးပဲ။ လာအိုစာ၊ ထိုင်းစာ၊ ဘာတွေမှန်းလည်းတော့ သေချာမသိဘူး။ ပန်းကန်ထဲကို တွေ့ရာအကုန်ကောက်ထည့်ကြတာ။ ငပိရည်တွေနဲ့ ခေါက်ဆွဲကြော်နဲ့ ပန်းကန်ထဲမှာ ပေါလောမျောလိုမျော၊ ရွှေကြည်ကောင်ညှင်းနဲ့ သင်္ဘောသီးထောင်းနဲ့ရောလိုရောနဲ့၊ အစ်မ ၇ှင်လေးက ကျွန်မတို့တွေရှက်ပြီး ဘူဖေးမယူတတ်မှာစိုးလို့တဲ့ ၊ ဝက်နားရွက်သုပ်လာတယ်။ ကျွန်မတို့အဖွဲ့ ကြိုက်မရှက် ငတ်မရှက်ဆိုတာ အစ်မကောင်းကောင်းကြီးသိသွားတယ်။ :D
ရေမထိရသေးပေမယ့် လာတဲ့သူတွေကို ရေပတ်ဖို့မမေ့တဲ့ ၊ စပရေးရေဘူးသယ်လာတဲ့အစ်မ၊ ပွဲတော်ကို ဖိတ်ခေါ်ခဲ့တဲ့ အစ်မ နဲ့ ဦးသောမတ်စ်ကို ကျေးဇူးအများကြီးတင်ပါတယ်.......
အဆင်ပြေရင် နောင်နှစ်မှာ ရေဘူးအကြီးကြီး ပြန်သယ်လာမယ်။ ပြီးရင်အစ်မရဲ့ အိမ်လိုက်ပြီး မုန့်လုပ်စားမယ်။ ၂ ဆပြန် လက်စားချေဖို့လေ.. :P :P
စိတ်ဝင်စားစရာ ကောင်းလိုက်တာ၊
ReplyDeleteအနည်းငယ်တော့ အလွမ်းပြေသွားတယ် မဟုတ်လား၊
ငါးပိတွေ အတော်စားကြသားနော်။
အားပါး.. ပျော်စရာကြီးပါလား၊ စားစရာတွေလည်း အများကြီး...၊ ဝမ်းသာပါတယ်ဗျာ..၊ လာအို ဝက်သားကင်ခြောက် စားဖူးတယ်၊ အရမ်းကောင်းတယ်..၊ စုံပုဝါချထားတဲ့ အုပ်စုထဲမှာ ဓါတ်ပုံဆရာမပါ ပါရင် ကောင်းမယ်...။း)
ReplyDeleteအမှတ်တရ ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။
ReplyDeleteဓါတ်ပုံတွေအတွက်လည်းကျေးဇူးတင်ပါတယ်။
တနေ့ နေ့ ဆုံကြဦးမယ်နော်။
ဟင်းတွေစုံလို့...
ReplyDeleteခုမှသိတယ် ပုံ၎ကငပိထောင်းဗူးလေးတွေ ယိုးဒယားသူငယ်ချင်းဆီက လက်ဆောင်ရဖူးတယ် စားလို့ကောင်းတယ် စပ်တယ်
အရွက်တွေဈေးသက်သာလို့ဝယ်ချင်လိုက်တာ
@တီချယ် .. ဟုတ်တယ် ငပိတွေရောင်းတာ အများကြီးပဲ။ အိမ်ထဲမှာ ချက်ရင်တော့ အနံ့ကို ထိန်းထိန်းသိမ်းသိမ်းချက်ကြရတယ်။
ReplyDelete@ ကိုညီလင်း .. ကျွန်မတို့အဖွဲ့ ဝက်သားကင်ခြောက်ဆိုင်မှာ မြည်းတာ တစ်ပန်းကန်လုံးပြောင်သွားရော... :) ဓာတ်ပုံဆရာမက ကင်မရာအနောက်မှာလေ.. ဟားးး
@အစ်မ၇ှင်လေး... ပြန်လည်ဆုံတွေ့ကြပါဦးစို့နှော်..
@စူးနွယ်လေး ... ဟုတ်တယ် ငပိထောင်းက စားလို့ကောင်းတယ်။ စပ်လည်းစပ်တယ်။ နေရာသိသွားရင် နီးလည်းနီးရင် နောက်နှစ်ကျ အဲမှာဈေးသွားဝယ်ပါလား. .. အသီးအရွက်တွေ အရမ်းစုံတယ်။
မရှင်လေးဆီကတစ်ဆင့်ရောက်လာရင်း လာအိုနှစ်ကူးပွဲတော် အတွေ့အကြုံလေးဖတ်သွားပါတယ်။ အစားအသောက်တွေက သားရေကျစရာပဲနော်။ :D
ReplyDeleteဂျာမနီမှာ လာအိုလူမျိုးတွေ တော်တော်များလို့ ဒီလိုပွဲမျိုး လုပ်ဖြစ်ကြတာ ထင်တယ်နော်။
ဇွန်မိုးစက်.... လာလည်လို့ကျေးဇူးပါနှော်။
ReplyDeleteဟုတ်တယ် ၊ စစ်ဖြစ်နေတုန်းက ဒီဘက်ကို ရောက်လာကြတာလို့ပြောကြတယ်။ အချို့ဆိုရင် အဘိုးအဘွားအရွယ်တွေတောင်တွေ့ရတယ်။
ပျော်စရာကြီးး
ReplyDeleteစားချင်တာတွေ များတယ်..။
ငပိကြိုက်တယ်..။
မရှင်လေးတို့နဲ့တွေ့ရတော့ ပိုပျော်ဖို့ကောင်းမယ်နော်။
PAUK ... ဟုတ်တယ်။ ပျော်ခဲ့တယ်။ မရှင်လေးတို့နဲ့လည်းတွေ့ခဲ့တယ်။ စကားတွေလည်းအများကြီးပြောခဲ့တယ်။ အများကြီးလည်းစားခဲ့တယ်။ :D
ReplyDelete